Arduino သင်ခန်းစာ (၈) - Blinking LED - Arduino Myanmar

Breaking

Open Arduino for Myanmar

Friday, April 6, 2018

Arduino သင်ခန်းစာ (၈) - Blinking LED


Introduction
Programming တွေ စသင်တဲ့ အချိန်မှာ Hello World! ဆိုတဲ့ စာကြောင်းလေးကို မော်နီတာမှာ ပေါ်လာအောင် ရေးကြရပါတယ်။ အခု Arduino ရဲ့ ပထမဆုံး hello world သင်ခန်းစာလေးကတော့ LED တစ်လုံးကို မှိတ်တုတ် မှိတ်တုတ် လင်းတလှည့် မှိန်တလှည့်လုပ်ပြရတဲ့ Blink program လေးပဲ ဖြစ်ပါတယ်။
...
LED တွေဟာ သေးငယ်ပြီး ပါဝါစား သက်သာပေမယ့် အလွန် အသုံးဝင်ပြီး အလင်းရောင်ကို ကောင်းစွာ ထုတ်ပေးနိုင်တာကြောင့် နေရာအမျိုးမျိုးမှာ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးဟာ အလွန်ရိုးရှင်းပြီး Arduino ရဲ့ digital pin အဖွင့်အပိတ်နဲ့ အချိန် delay တို့ကို နားလည်အောင် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒီလို အခြေခံကျတဲ့ အပိုင်းကို နားလည်သွားခြင်းဖြင့် နောက်ပိုင်း ပိုမိုရှုပ်ထွေးတဲ့ ပရောဂျက်တွေကို လုပ်ဆောင်ဖို့ မိမိကိုယ်ကို ယုံကြည်မှု ရှိလာစေမှာ ဖြစ်ပါတယ်။
...
လိုအပ်သော ပစ္စည်းများ
ဒီပရောဂျက်ကို လုပ်ဆောင်ဖို့ အောက်ပါ ပစ္စည်းတွေ စုဆောင်းထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  1. Breadboard (Project board) တစ်ခု
  2. Arduino UNO တစ်ခု
  3. LED တစ်လုံး
  4. 100 Ohm မှ 330 Ohm ကြား Resistor တစ်လုံး
  5. Jumper Wires (male to male) သုံးချောင်းတို့ ဖြစ်ပါတယ်
...
LED မိတ်ဆက်
Light-Emitting Diode (LED) သည် diode တစ်လုံးပင် ဖြစ်သောကြောင့် current direction တစ်ဖက်တည်း စီးဆင်းနိုင်သည်။ တစ်လမ်းမောင်း စနစ်ကဲ့သို့ပင် ဖြစ်သည်။ LED ထဲသို့ current စီးဝင်ခွင့် ရသည်နှင့် အလင်းထွက်လာမည် ဖြစ်သည်။ ပုံတွင်ပြထားသည့် LED တွင် ခြေထောက်နှစ်ချောင်းရှိပြီး တစ်ချောင်းသည် အခြား တစ်ချောင်းထက် ပိုရှည်နေပါသည်။ 
ထိုသို့ ရှည်သည့် ခြေထောက်သည် Anode (အပေါင်းဖက်) ဖြစ်ပြီး LED ထဲသို့ current စတင် စီးဝင်သည့် ဖက်ဖြစ်သည်။ အဆိုပါ ခြေထောက်ကို ဘက်ထရီ (သို့) current soure ၏ အပေါင်းဖက်နှင့် အမြဲချိတ်ဆက်ရမည် ဖြစ်သည်။ 
တိုသော ခြေထောက်သည် Cathode (အနုတ်ဖက်) ဖြစ်ပြီး ၄င်းမှ တဆင့် current စီးထွက်လာမည် ဖြစ်ပါသည်။ ၄င်းခြေထောက်ကို ဘက်ထရီ၏ အနုတ်ဖက်နှင့် အမြဲချိတ်ဆက်ရမည် ဖြစ်ပါသည်။
LED ကို Arduino pin နှင့် ဆက်ရာတွင် LED ၏ အပေါင်းဖက် ခြေထောက်ရှည်ကို မိမိတို့ ထိန်းချုပ်မည့် Arduino pin နှင့် ဆက်ပေးရမည် ဖြစ်ပြီး LED ၏ အနုတ်ဖက်ကို Arduino ၏ Gnd pin နှင့် ချိတ်ပေးရမည် ဖြစ်သည်။ 
ထိုသို့ ချိတ်ဆက်ရာတွင် LED အတွင်း စီးဆင်းသော current ပမာဏ များသွားလျှင် LED လောင်ကျွမ်းသွားမည် ဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် အဆိုပါ current ပမာဏကို ကန့်သတ်ရန် 100 Ohm မှ 330 Ohm ကြား resistor တစ်လုံးကို LED နှင့် series ဆက်ပေးရမည် ဖြစ်ပါသည်။ Resistor ကို တပ်ဆင်ရာတွင် အပေါင်းအနုတ် ကန့်သတ်ချက် မရှိသဖြင့် LED ၏ မည်သည့်ဖက်နှင့်မဆို ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ 
ပုံတွင် resistor ကို LED ၏ အနုတ်ဖက်နှင့် ချိတ်ဆက်ပေးထားပါသည်။ 
Blink
Arduino နှင့် led circuit ချိတ်ဆက်ပြီးသည့်အခါ ပရိုဂရမ် ရေးသွင်းရန် Arduino IDE ကို ဖွင့်၍ အောက်ပါပုံတွင် ပြထားသည့်အတိုင်း Blink example sketch ကို ဖွင့်ပါမည်။
File->Examples->01.Basics->Blink
...
...
ထိုအခါ အောက်ပါအတိုင်း Blink program ပွင့်လာသည်ကို တွေ့ရမည် ဖြစ်ပါသည်။
...
Arduino IDE တွင် နမူနာ ပရိုဂရမ်ပေါင်းများစွာ ထည့်သွင်းပေးထားပါသည်။ ၄င်းတို့ကို လေ့လာခြင်းဖြင့် Arduino program ရေးသားနည်းများကို အမြန်ဆုံး နားလည် သဘောပေါက်လာစေနိုင်ပါသည်။
...
Comments
Blink ပရိုဂရမ် စစချင်းတွင် /* နှင့် */ ကြား တွင် အောက်ပါအတိုင်း ရှင်းလင်းချက် comments များရေးသားထားသည်ကို တွေ့ရမည် ဖြစ်ပါသည်။
/*
  Blink

  Turns an LED on for one second, then off for one second, repeatedly.

  Most Arduinos have an on-board LED you can control. On the UNO, MEGA and ZERO
  it is attached to digital pin 13, on MKR1000 on pin 6. LED_BUILTIN is set to
  the correct LED pin independent of which board is used.
  If you want to know what pin the on-board LED is connected to on your Arduino
  model, check the Technical Specs of your board at:
  https://www.arduino.cc/en/Main/Products

  modified 8 May 2014
  by Scott Fitzgerald
  modified 2 Sep 2016
  by Arturo Guadalupi
  modified 8 Sep 2016
  by Colby Newman

  This example code is in the public domain.

  http://www.arduino.cc/en/Tutorial/Blink
*/
...
၎င်းတို့သည် ကုဒ်များအကြောင်း၊ ပရိုဂရမ်အကြောင်း၊ ပရိုဂရမ်ရေးသူအကြောင်း၊ website link များ၊ နေ့စွဲများကို မှတ်တမ်းတင်ထားရန် ရေးထားခြင်းသာဖြစ်ပြီး ပရိုဂရမ်၏ အလုပ်လုပ်ရာတွင် ပါဝင်မှု မရှိပါ။ comments များရေးသားရာတွင် // ကို သုံးပြီး ရေးသားပါက ၄င်းနောက်ရှိ စာကြောင်း တစ်ကြောင်းကို comment အဖြစ် သတ်မှတ်ပြီး /* နှင့် */ ကို အသုံးပြုပါက ၄င်းတို့ အဖွင့်အပိတ်အကြားရှိ စာသားအားလုံးကို comment အဖြစ် သတ်မှတ်ပါသည်။
...
Coding ရှင်းလင်းချက်
Blink sketch တွင် ပါဝင်သည့် ကုဒ်များကို အောက်တွင် ဖေါ်ပြပေးထားပါသည်-
...
void setup()
{
     pinMode(LED_BUILTIN, OUTPUT);
}
void loop()
{
     digitalWrite(LED_BUILTIN, HIGH);
     delay(1000);
     digitalWrite(LED_BUILTIN, LOW);
     delay(1000);
 }
...
Arduino sketches များသည် C/C++ ပရိုဂရမ်များပင် ဖြစ်ပါသည်။ C/C++ ပရိုဂရမ်များတွင် main() function ပါဝင်လေ့ ရှိသော်လည်း Arduino sketchs များတွင်မူ မပါဝင်ပါ။
Arduino sketchs များတွင် မဖြစ်မနေ ပါဝင်ရသည့် functions များမှာ void setup() နှင့် void loop() တို့ ဖြစ်သည်။
..
void setup() သည်  ပရိုဂရမ် စစခြင်း (သို့မဟုတ် reset လုပ်သည့် အချိန်တွင်) စတင်အလုပ်လုပ်သော function ဖြစ်ပြီး တစ်ကြိမ်သာ အလုပ်လုပ်ပါသည်။ ထို့ကြောင့် မိမိတို့ Arduino စတင်လျှင် ပေးချင်သည့် setting များ သတ်မှတ်ပေးရန် အသုံးပြုလေ့ ရှိကြပါသည်။
..
void loop() သည် setup() run ပြီးသည့် အချိန်မှ စ၍ ပါဝါ မပိတ်မချင်း (reset မလုပ်မချင်း) အဆက်မပြတ် အစမှ အဆုံး looping ပတ်ကာ လုပ်ဆောင်နေမည့် function ဖြစ်ပါသည်။ ထို့ကြောင့် input များဖတ်ခြင်း၊ processing ပြုလုပ်ခြင်း နှင့် output များထုတ်ခြင်းကို အဆက်မပြတ် အလှည့်ကျ ပြုလုပ်ပေးနိုင်ပါသည်။
...
pinMode() function သည် Arduino ၏ digital pins များကို input သို့မဟုတ် output အဖြစ် အသုံးပြုရန် ပြင်ဆင်ပေးပါသည်။
pinMode() function တွင် arguments နှစ်ခု ထည့်သွင်းပေးရန် လိုအပ်ပါသည်။
...
ပထမ argument မှာ မိမိတို့ ပြင်ဆင်အသုံးပြုမည့် digital pin ၏ နံပါတ် ဖြစ်ပါသည်။ ဥပမာ (0 to 13 for UNO)။ ယခုနမူနာတွင် LED_BUILTIN ကို ထည့်ပေးထားခြင်းသည် UNO ၏ built in LED အား digital pin 13 နှင့် ချိတ်ဆက်ပေးထားသဖြင့် အဆိုပါ pin ကို ရည်ညွှန်းပါသည်။ ၄င်းအစား pinMode(13OUTPUT); ဟုလည်း ရိုးရှင်းစွာ အသုံးပြုနိုင်ပါသည်။ သို့ရာတွင် မိမိအသုံးပြုနေသော Arduino ၏ built in LED အား မည်သည့် digital pin နှင့် ချိတ်ဆက်ထားမှန်း မသိသည့်အခါတွင် အလွယ်တကူ အသုံးပြုနိုင်ရန် LED_BUILTIN constant ကို စီစဉ် ထည့်သွင်းပေးထားခြင်းပင် ဖြစ်ပါသည်။
...
ဒုတိယ argument မှာ digital pin ကို အသုံးပြုမည့် ပုံစံ ဖြစ်ပါသည်။ Input အနေနှင့် ဖြစ်စေ၊ output အနေဖြင့် ဖြစ်စေ အသုံးပြုနိုင်ပြီး စာလုံးအကြီးဖြင့် INPUT သို့မဟုတ် OUTPUT အဖြစ် ထည့်သွင်းပေးရမည် ဖြစ်ပါသည်။ INPUT_PULLUP ကို အသုံးပြု၍ internal pullup resistors များ enable ပြုလုပ်ပုံကို နောက်ပိုင်း အလျင်းသင့်သည့် နေရာများတွင် ရှင်းပြပေးသွားမည် ဖြစ်ပါသည်။
လက်တွေ့ ပရိုဂရမ် ရေးသားရာတွင် pinMode() function ကို output ထုတ်ယူမည့် digital pin များအတွက်သာ ကြေငြာပေးရန် လိုပါသည်။ Input အတွက်မူ ကြေငြာစရာ မလိုဘဲ အသုံးပြုနိုင်ပါသည်။
Note: digital pin output ကို pinMode() function ဖြင့် ပြင်ဆင်မထားဘဲ သုံးမိပါက controller အတွင်းရှိ enable ဖြစ်နေသော high internal resistance ကြောင့် current အနည်းငယ်သာ ထွက်လာပြီး မီးမှိန်မှိန်လေးသာ လင်းလာမည်ကို သတိပြုပါ။
...
Digital pin များအား အဖွင့်အပိတ် ပြုလုပ်ခြင်း
Digital pin များ (0-13) ကို အဖွင့်အပိတ် ပြုလုပ်နိုင်ရန် digitalWrite() function ကို အသုံးပြုရမည် ဖြစ်ပါသည်။  digitalWrite() function တွင် arguments နှစ်ခု ထည့်သွင်းပေးရန် လိုအပ်ပါသည်။
ပထမ argument မှာ မိမိတို့ အဖွင့်အပိတ် ပြုလုပ်မည့် digital pin ၏ နံပါတ် ဖြစ်ပါသည်။
ဒုတိယ argument မှာ ဖွင့်မည် သို့ ပိတ်မည်ကို HIGH, LOW ဖြင့် သတ်မှတ်ပေးရသည်။ HIGH သတ်မှတ်ပေးလိုက်ပါက အဆိုပါ digital pin မှ 5V ထွက်လာမည်ဖြစ်ပြီး LOW သတ်မှတ်ပေးပါက 0V ဖြစ်သွားပေလိမ့်မည်။
...
အချိန် တစ်ခု စောင့်ဆိုင်းခြင်း
Arduino program များအတွင်းတွင် timer သဘောမျိုး အချိန်တစ်ခုကို စောင့်ဆိုင်းကာ ဆောင်ရွက်နိုင်စေရန် delay() function ကို အသုံးပြု ရေးသားနိုင်ပါသည်။
delay() function တွင် argument တစ်ခုသာ ထည့်သွင်းပေးရန် လိုအပ်ပြီး စောင့်ဆိုင်းလိုသည့် အချိန်ကို milliseconds ဖြင့် ထည့်သွင်းပေးရမည် ဖြစ်သည်။ 1000 ms သည် 1 s ဖြစ်သောကြောင့် တစ်စက္ကန့် စောင့်ဆိုင်းလိုပါက delay(1000); ဟု ရေးသားရမည် ဖြစ်သည်။
...
Note: ပရိုဂရမ် တစ်ကြောင်း ရေးပြီးတိုင်း semi column (;) ကို အပိတ်အနေဖြင့် ထည့်သွင်းရေးသားပေးရမည် ဖြစ်သည်။
...
Blink program ၏ algorithm ကို ပြန်လည်လေ့လာရမည် ဆိုပါက -
ပထမဦးစွာ setup() function အတွင်း -
မိမိတို့ ဖွင့်လိုက် ပိတ်လိုက် ပြုလုပ်မည့် digital pin ကို OUTPUT အဖြစ် ပြင်ဆင်သတ်မှတ်ပါသည်။
...
ထို့နောက် အကြိမ်ကြိမ် မနားတမ်း အလုပ်လုပ်မည့် loop() function အတွင်း -
အဆိုပါ digital pin ကို ဖွင့်မည်။
တစ်စက္ကန့် စောင့်မည်။
ပိတ်မည်။
တစ်စက္ကန့်စောင့်မည်
ဟု ရေးသားထားပါသည်။
...
ထို့ကြောင့် အဆိုပါ pin နှင့် ချိတ်ဆက်ထားသော LED မီးလုံး (သို့မဟုတ်) builtin LED သည် မှိတ်တုတ်မှိတ်တုတ် တစ်စက္ကန့်စီ မဆုံးနိုင်အောင် ဖြစ်နေပါလိမ့်မည် ခင်ဗျား...
...
မေတ္တာဖြင့်
Dr. Aung Win Htut
Founder and President
Green Hackers

5 comments:

  1. ကျေးဇူးအများကြီးတင်ပါတယ်ဆရာခင်ဗျာ။

    ReplyDelete
  2. ​ကျေးဇူးပါဆရာ

    ReplyDelete
  3. ​ကျေးဇူးပါဆရာ

    ReplyDelete
  4. ကျေးဇူးအများကြီးတင်ပါသည်ဆရာ

    ReplyDelete