Arduino သင်ခန်းစာ (၁) - Arduino ဘယ်လဲ ဘာလဲ - Arduino Myanmar

Breaking

Open Arduino for Myanmar

Monday, April 2, 2018

Arduino သင်ခန်းစာ (၁) - Arduino ဘယ်လဲ ဘာလဲ

Arduino ဆိုတာ ဘာလဲ
Arduino ဆိုသည်မှာ အလွယ်တကူ အသုံးပြု၍ ရသော hardware နှင့် software များကို အခြေခံ၍ တည်ဆောက်ထားသော open-source prototyping platform တစ်ခုဖြစ်ပါသည်။ Open-source ဆိုသည်မှာ အဆိုပါ hardware များ တည်ဆောက်ထားပုံနှင့် software များ ရေးသားထားသည့် နည်းစနစ်များ အားလုံးကို အများပြည်သူမှ အလွယ်တကူ အခမဲ့ ရယူပြင်ဆင်နိုင်သည့် သဘောတရား ဖြစ်ပါသည်။ (တကယ်တမ်းတွင် open-source ဆိုသော စကားလုံးသည် ထို့ထက် ပိုမို၍ အဓိပ္ပါယ် ကျယ်ပြန့်သောကြောင့် နောက်ပိုင်းတွင် သက်ဆိုင်ရာ အခန်းများ၌ ထပ်မံရှင်းလင်း တင်ပြသွားမည် ဖြစ်ပါသည်။) 
...
Arduino board များကို အလွယ်ကူဆုံး ရှင်းပြရလျှင် ၄င်းနှင့် ချိတ်ဆက်ထားသော input device များနှင့် sensors များမှ အချက်အလက်များကို ဖတ်ရှုခြင်း၊ မော်တာများကို လည်ပတ်မောင်းနှင်ခြင်း၊ LED မီးလုံးများ ဖွင့်ပိတ်ခြင်း၊ အင်တာနက်နှင့် ချိတ်ဆက်လုပ်ဆောင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန် (C/C++ ကို အခြေခံထားသော) Arduino programming language နှင့်  Arduino Software (IDE) ကို အသုံးပြု၍ မိမိတို့ အလိုရှိသည့် ညွှန်ကြားချက်များကို ရေးသားကာ USB ကြိုးဖြင့် serial port မှ တဆင့် Arduino board တွင် တပ်ဆင်ထားသည့် microcontroller အတွင်းသို့ ထည့်သွင်း၍ အလုပ်လုပ်စေခြင်း ဖြစ်ပါသည်။ Arduino သည် အီလက်ထရောနစ် ပစ္စည်းများကို လွယ်ကူစွာ ထိန်းချုပ်ခိုင်းစေနိုင်အောင် စီမံထားသည့် controller board တစ်ခုပင်ဖြစ်သည်။ 
...
သမိုင်းကြောင်း
Arduino ကို ၂၀၀၅ ခုနှစ်က အီတလီရှိ Ivrea Institute ရှိ ဆရာအချို့က ကျောင်းသားများ အလွယ်တကူ အသုံးချနိုင်ရန် ရည်ရွယ်၍ ရိုးရှင်း၊ ခေတ်မီ၍ ဈေးနှုန်းသက်သာသည့် microcontroller board အဖြစ် ဒီဇိုင်းထုတ်ခဲ့ခြင်း ဖြစ်သည်။ Arduino ဆိုသော နာမည်ကိုမူ ၄င်းတို့ ထိုင်နေကျ ကော်ဖီဆိုင်၏ နာမည်မှ ရယူထားခြင်းဖြစ်ပြီး ဘုရင် Arduino ၏ အမည်တော် ဖြစ်သည်။ 
...
Arduino ၏ ပထမဆုံး ဒီဇိုင်းသည် အရွယ်အစား ကြီးမားပြီး ရှုပ်ထွေးသည့် ချိတ်ဆက်နည်းများ အသုံးပြုရသည်။ ထို့ပြင် ယနေ့ခေတ် ၌ စံအဖြစ်သုံးနေပြီဖြစ်သော USB port လည်း မပါဝင်သေးပေ။ သို့ရာတွင် အလားအလာများစွာ ရှိခဲ့သည်။ ယခုအခါတွင်မူ ၄င်း၏ ရိုးရှင်းမှုနှင့် အသုံးပြုရ လွယ်ကူမှုကြောင့် နာမည်ကျော်ကြားလာခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များက အင်ဂျင်နီယာများမှသာ လုပ်ဆောင်နိုင်သည့် ပရောဂျက်များကို ကလေးများက တည်ဆောက်အသုံးပြုနေနိုင်ကြပြီ ဖြစ်သည်။ 
...
Opensource for ALL!
Arduino ၏ ဒီဇိုင်းတစ်ခုလုံးအား open source ပြုလုပ်ထားခြင်းကြောင့် ၄င်းကို ရယူကာ clone ပြုလုပ်ထားသော controller board အများအပြားကို ကမ္ဘာအနှံ့တွင် တွေ့မြင်ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ Arduino ကို တီထွင်ခဲ့မှုကြောင့် open source နှင့် 3D printing လှုပ်ရှားမှုများဖြစ်သော maker အစရှိသည့် နည်းပညာ တော်လှန်ရေးများစွာကို ဖြစ်ပေါ်လာစေရန် တွန်းအားပေးနိုင်ခဲ့သည်။ ကျွန်ပ်တို့ အနေဖြင့် Arduino အတွင်း code များ ရေးသားထည့်သွင်းကာ ပတ်ဝန်းကျင်မှ အချက်အလက်များကို sensors များမှတဆင့် ရယူနိုင်ပြီး အဆိုပါ အချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာ လုပ်ဆောင်မှုများ ဆုံးဖြတ် ပြုလုပ်နိုင်ပေသည်။ စက်ရုပ်များ၊ 3D printer များ၊ အရုပ်များ သာမက ပေါင်မုန့်မီးကင်စက်များအတွင်းတွင် Arduino ထည့်သွင်း၍ ပိုမိုစမတ်ကျ၍ အသိဥာဏ်ရှိသော လုပ်ဆောင်မှုများ ဖန်တီးနိုင်ပြီ ဖြစ်သည်။ 
...
လေ့လာကြရအောင်

ဤ website တွင် Arduino ကို လက်တွေ့အသုံးချရန် လိုအပ်သည့် အဓိက အကြောင်းအရာများကို အသားပေးတင်ပြထားပါသည်။ LED မီးသီးများနှင့် ကစားသည့် အဆင့်မှ စ၍ GPS များ အသုံးပြုခြင်း၊ သီချင်းများဖန်တီးခြင်း၊ အင်တာနက်နှင့် ချိတ်ဆက်ခြင်းများအထိ ပါဝင်ပါသည်။

ဤ website သည် ပရိုဂရမ်းမင်းနှင့် အီလက်ထရောနစ် စိတ်ဝင်စားကြသည့် မျိုးဆက်သစ် လူငယ်များအတွက် interactive projects များ တည်ဆောက်ရာတွင် ကူညီနိုင်ရန် ရည်ရွယ်ပါသည်။ ဥပမာအနေဖြင့် Arduino ကို အသုံးပြုနိုင်သည့် ပရောဂျက်အချို့ကို တင်ပြပေးပါ့မည်။ Humidity sensor က ရသည့် စိုထိုင်းဆတန်ဖိုးကို ဖတ်ယူ တွက်ချက်ပြီး ပန်းပင်နှင့် စားပင်၊ သီးပင်များအား အလိုအလျောက် ရေလောင်းပေးနိုင်သည့် စနစ်များ၊ အင်တာနက် လွှင့်ထားသော router နှင့် ချိတ်ဆက်၍ stand-alone chat server တစ်ခု တည်ဆောက်နိုင်သလို သင့်အိမ်မွေးတိရိစ္ဆာန်များ အိမ်ထဲသို့ အဝင်အထွက်ပြုလုပ်တိုင်း tweeter ကို message ပို့ပေးမည့် စနစ်များ၊ Home automation system များ၊ မနက်အိပ်ရာထရန် ပေးထားသော alarm မြည်၍ သင်ပိတ်လိုက်ပါက ကော်ဖီစတည်ပေးမယ့် စနစ် အစရှိသဖြင့် စိတ်ကူးရှိသမျှ တည်ဆောက်နိုင်အောင် အခြေခံများ ဆွေးနွေးတင်ပြသွားမည် ဖြစ်ပါသည်။
...
မေတ္တာဖြင့်
ဒေါက်တာ အောင်ဝင်းထွဋ်
Founder and President 
Green Hackers

No comments:

Post a Comment