Arduino သင်ခန်းစာ (၄) - Arduino IDE အသုံးပြုနည်းနှင့် ပရိုဂရမ် ထည့်သွင်းနည်း - Arduino Myanmar

Breaking

Open Arduino for Myanmar

Tuesday, April 3, 2018

Arduino သင်ခန်းစာ (၄) - Arduino IDE အသုံးပြုနည်းနှင့် ပရိုဂရမ် ထည့်သွင်းနည်း


Arduino IDE
ပထမဆုံး Arduino IDE ကို ရင်းနှီးအောင် စတင်လေ့လာကြပါစို့။ ပုံမှာ ပြထားတဲ့အတိုင်း Arduino IDE မှာ Menu Bar, Tool Bar, Sketch Tabs, Code Space နဲ့ Status Display ဆိုပြီး အပိုင်းငါးပိုင်း ပါဝင်ပါတယ်။
...
Menu Bar
Menu Bar ထဲမှာ File, Edit, Sketch ,Tools နဲ့ Help တို့ပါဝင်ပြီး လုပ်ဆောင်လို့ရသမျှ function တွေကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ 
...
Tool Bar
Tool Bar ထဲမှာတော့ အဓိကကျပြီး အမြဲတမ်း မဖြစ်မနေ သုံးကြရတဲ့ Verify, Upload, New, Open, Save, Serial Monitor စတဲ့ function တွေကို အလွယ်တကူ ခေါ်ယူ အသုံးပြုနိုင်အောင် ချိတ်ဆက်ပေးထားတဲ့ icon လေးတွေ ရှိပါတယ်။
...
Sketch Tab
Sketch Tab ကတော့ ကျွန်တော်တို့ ဖွင့်ထားသမျှ Arduino code file (Sketch) တွေအားလုံးကို မြင်နိုင်တဲ့ နေရာဖြစ်ပြီး Tab တွေကို သုံးကာ စီထားပါတယ်။ ပရိုဂရမ် အများအပြားကို ပြိုင်တူဖွင့်ပြီး လုပ်ဆောင်ဖို့ အဆင်ပြေစေပါတယ်။ 
ပရိုဂရမ်တွေ ကို Arduino မှာ Sketch လို့ခေါ်ပါတယ်။ ကျွန်တော်တို့ စိတ်ကူးရလာတဲ့အခါမျိုးမှာ စာရွက်ပေါ် ခဲတံနဲ့ ပုံကြမ်းရေးခြစ်ထားသလိုပါပဲ။ Arduino ကိုအသုံးပြုပြီး ကျွန်တော်တို့ စိတ်ကူးထဲက လိုချင်တဲ့ function တွေရအောင် ဖန်တီးပေးတဲ့ ကုဒ်တွေဖြစ်တဲ့အတွက် Sketch လို့ ခေါ်တာ ဖြစ်ပါတယ်။ 
...
Code Space
Code Space ကတော့  ပရိုဂရမ်တွေ ရေးသားဖို့အတွက် နေရာပဲ ဖြစ်ပါတယ်။ automated syntax highlighting နဲ့ autoarraging  စနစ်တွေ ပါဝင်လို့ ကုဒ်ရေးသားရတာကို ပိုမို အထောက်အကူပြု လွယ်ကူစေတဲ့ code editor တစ်ခုပဲ ဖြစ်ပါတယ်။ 
...
Status Display
Status Display ကတော့ ကုဒ်တွေကို Verify (Compile) လုပ်တဲ့အခါနဲ့ Upload လုပ်တဲ့အချိန်တွေမှာ ဘာဖြစ်နေတယ်ဆိုတာကို သိအောင် ပြပေးတာဖြစ်ပါတယ်။ များသောအားဖြင့် ကုဒ်ထဲက အမှားတွေကို ထောက်ပြတဲ့ နေရာဖြစ်ပြီး ဘာ Error မှ ပေါ်မလာပါစေနဲ့လို့ ဆုတောင်းရလေ့ ရှိပါတယ်။
...
Arduino ပရိုဂရမ် ရေးသားထည့်သွင်းနည်း အဆင့်များ
အဆင့်(၁) - ပထမဆုံး Arduino IDE ထဲမှာ ကုဒ်တွေ ရေးသားရမှာ ဖြစ်ပါတယ်။ ရေးပြီးရင် Save ထားလိုက်ပါ။ Example code တွေ ကြည့်ချင်ရင် အောက်ပါပုံအတိုင်း File->Examples ထဲကနေ ရွေးချယ် လေ့လာပါ။

အဆင့်(၂) - ပရိုဂရမ်ထဲမှာ အမှားပါမပါ compile လုပ်ကြည့်ပါ။ အမှားပါနေရင် အဆင့်(၁) ကို ပြန်သွားပါ။
အဆင့်(၃) - Tools->Board: ကိုသွားပြီး မိမိ ပရိုဂရမ် ရေးသားလိုတဲ့ Arduino Board အမျိုးအစားကို ရွေးချယ်ပေးပါ။

အဆင့်(၄) - Tools->Port ကို မိမိတို့ ချိတ်ဆက်ထားတဲ့ Arduino ရဲ့ Com port ကို ရွေးချယ်ပေးလိုက်ပါ။
...
port တွင် မိမိ Arduino ကို မတွေ့ပါက driver မရှိခြင်းကြောင့် ဖြစ်နိုင်ပါသည်။ များသောအားဖြင့် China clone Arduino board များတွင် ထိုသို့ ဖြစ်တတ်ပါသည်။ ဈေးပေါသည့် USB controller chip ကို အသုံးပြုထားခြင်းကြောင့် ဖြစ်သည်ဟု ယူဆမိပါသည်။ အဆိုပါ ပြသနာကို ဖြေရှင်းရန် အောက်ပါလင့်မှ Driver ကို download ပြုလုပ်၍ install ပြုလုပ်ပေးပါ။ အဆင်ပြေသွားပါလိမ့်မည်
Download Here: 
https://drive.google.com/file/d/1kCbLcgyDzaSK4V1QryNpTNXvp795WAKd/view
...
အဆင့်(၅) - အမှားကင်းသွားတဲ့ ကုဒ်တွေကို Hex file ပြောင်းပြီး Arduino ထဲကို ထည့်သွင်းဖို့ Upload button ကို နှိပ်ပါ။ Arduino ပေါ်က TX နဲ့ RX led လေးတွေ blink ဖြစ်နေရင် ပရိုဂရမ် သွင်းပေးနေပါပြီ။ အကယ်၍ ပြသနာ တစ်ခုခုရှိနေပါက  အဆင့်(၃ နဲ့ ၄)Tools -> Port နဲ့ Tools->Board: တို့ကို ရွေးချယ်ထားခြင်း မှန်မမှန် စစ်ဆေးပါ။ ကွန်ပျူတာနှင့်ချိတ်ဆက်ထားသည့် USB ကြိုးကို ဖြုတ်ပြီး ပြန်တပ်ကြည့်ပါ။
အဆင့်(၆) - ပရိုဂရမ် စတင်လည်ပတ်ပြီး စမ်းသပ်နိုင်ပြီ ဖြစ်ပါသည် ခင်ဗျာ။
...
မေတ္တာဖြင့်
Dr. Aung Win Htut
Founder and President
Green Hackers

1 comment: